မိုးမိတ် မတ် ၂၆
မိုးမိတ်ခရိုင် Coronavirus Disease 2019 (COVID – 19 ) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီ၏ ဦးဆောင်မှုဖြင့် ယမန်နေ့တွင် မိုးမိတ်မြို့နယ် လယ်ကြီးကျေးရွာအုပ်စုနှင့် ရွှေဇာလီကျေးရွာ အုပ်စုတို့တွင် နိုင်ငံခြားမှ ပြန်လည်ရောက်ရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကိုရိုနာဗိုင်းရပ်စ် ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့သည်။
မိုးမိတ်မြို့နယ်တွင် မတ်လ(၂၅) ရက်နေ့အထိ စာရင်းများအရ ရပ်ကွက်/ကျေးရွာအုပ်စု (၁၀)အုပ်စုတွင် နိုင်ငံခြားမှ ပြန်လည် ရောက်ရှိလာသူ (၁၃၀)ဦး ရှိကြောင်း သိရသည်။ ပြန်လည်ရောက်ရှိလာသူများအနက် လယ်ကြီးကျေးရွာ အုပ်စု တွင် (၅၃)ဦး ၊ ရွှေဇာလီကျေးရွာ အုပ်စုတွင် (၂၀)ဦးတို့အား ကျန်းမာရေးစစ်ဆေးပေးခြင်းဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်းနှင့် နေ့စဉ် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများအား ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများက စာရင်းကောက်ယူလျက်ရှိပြီး ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှုများကို ရပ်ကွက်ကျေးရွာ အရောက် နေ့စဉ်ဆောင်ရွက်သွားမည်ဟု မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
မိုးမိတ်သား(စည်သူဌေး)