မြောင်းမြ သြဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၃ နာရီက လူငယ်များအသင်း (Youth Club) အဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်စိုးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး Youth Club အဖွဲ့ ဝင်ဒေါ်ခိုင်နှင်းဝေက စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့် အကောင်းဆုံး သောဘဝကို တည်ဆောက်ခြင်း” စာအုပ်သည် ဘဝအတွက် တကယ့်အနှစ်သာ ရရှိသော စာအုပ်ဖြစ်ကြောင်း၊ စာအုပ်ထဲရှိအကြောင်းအရာများသည် အတူယူစရာ ကောင်းကြောင်း ၎င်းစာအုပ်နှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပရာ တက်လာရောက်ကြသော Youth Club အဖွဲ့ဝင်များက အောင်မြင်ဖို့ တည်ဆောက်ခြင်းနှင့် အမြင်များ၊ လူငယ်နှင့်စူးစမ်းလေ့လာမှုများ၊ မှားမှာမကြောက်ပါနဲ့၊ ရှက်စိတ်၊ ကြောက်စိတ်နဲ့အောင်စိတ် စသည်တို့ကို မိမိတို့အမြင်နှင့် ခံစားချက်များကို အချင်းချင်း ချစ်ခင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကေခိုင်စိုး (ပြန်/ဆက်)