ကျောက်မဲ ဩဂုတ် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်း အဝေး ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မဲဆန္ဒရှင် စာရင်းကိစ္စများ၊ မဲရုံလျာထား ဆောင်ရွက်ထားရှိမှုများ၊ မဲရုံများ အတွက် မဲရုံမှူးနှင့် အခြားဝန်ထမ်းများ ကြိုတင်လျာထားရန်ကိစ္စများ၊ သင်တန်းများ ဖွင့်လှစ်ရန် ကိစ္စများ၊ ရွေးကောက်ပွဲတွင် အသုံးပြုရမည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးပစ္စည်းများ ကြိုတင်စုဆောင်းထားရန်ကိစ္စများနှင့် မဲဆန္ဒရှင်စာရင်းတွင် လိုအပ်နေသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အမှတ်များ အချိန်မီ ဖြည့်သွင်းရန် ကိစ္စများတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)