မောက်မယ် ဩဂုတ် ၁၁
၂ဝ၂ဝပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင် စာရင်းများ ရရှိရန်နှင့် မဲဆန္ဒရှင်များ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ပထမအကြိမ်အဖြစ် မဲဆန္ဒရှင် အမည်စာရင်းများကို မောက်မယ်မြို့နယ်အတွင်းရှိ သတ်မှတ်မဲရုံနေရာအသီးသီးတွင် ဇူလိုင်လ (၂၅) ရက်မှစ၍ ထုတ်ပြန်ကြေညာထားရာ ယမန်နေ့အထိ မဲစာရင်းကပ်ထား ကြေညာရာနေရာသို့ လာရောက်ကြည့်ရှု၍ ပြင်ဆင်ရန်အတွက် လျှောက်ထား လျှက်ရှိသည်။
မောက်မယ်မြို့နယ်အတွင်း ဇူလိုင်လ (၂၅) ရက်နေ့မှ ဩဂုတ်လ (၁၀) ရက်နေ့ထိ အမည်စာရင်းမပါရှိ၍ ပုံစံ(၃)ဖြင့် လာရောက်လျှောက်ထားသူ (၆၈၀)ဦး၊ မဲစာရင်းတွင် မပါဝင် သင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့် လာရောက်ကန့်ကွက်သူ(၅၅၉)ဦး၊ မဲစာရင်းတွင် ကိုယ်ရေးအချက်အလက် မှားယွင်းသဖြင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန်လာရောက်လျှောက်ထားသူ (၈၂၆) ဦး ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ်အတွင်း ရပ်ကွက် ( ၇ )ရပ်ကွက် နှင့် ကျေးရွာအုပ်စု(၈) အုပ်စုတို့တွင် မဲရုံ(၃၀)ရုံ ထားရှိပြီး ယနေ့အထိ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၂၂၀၈၃)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးထံမှ သိရသည်။
စိုင်းမျိုးသန့် ( မောက်မယ်)