မိုင်းယောင်း ဩဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းမှ ရာသီပေါ်သီးနှံဖြစ်သော ဒေသခြံထွက် တညင်းသီးများသည် ယခုနှစ်တွင် အထွက်နည်းပြီး အထူးရောင်းအားကောင်းကာ ယခင်နှစ်ထက် ဈေးပိုမိုရရှိကြောင်း သိရသည်။
“ကျွန်မတို့မြို့မှာတော့ တညင်းသီးကို အတို့အမြုပ်အဖြစ် အစိမ်းစားတယ်။ အချို့က ဟင်းချက်စရာအဖြစ်လည်း စားကြတယ်။ အရင်နှစ်က တညင်းသီးဖြိုင်ဖြိုင်ထွက်တော့ တစ်ပြည်ကို ကျပ် ၂၇၀၀ မှ ၃၀၀၀ ကျပ် ရောင်းရတယ်။ ယခုနှစ်ကတော့ ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချရပါတယ်။ တစ်နေ့ကိုတော့ လေးပြည်လောက်တော့ အနည်းဆုံး ရောင်းရပါတယ်”ဟု တညင်းသီးရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
“ဒီနှစ်မှာတော့ မိုင်းယောင်းမှာ တညင်းသီး အထွက်နည်းတဲ့နှစ်လေ၊ ဒါပေမဲ့ ကျွန်တော်တို့ခြံကတော့ ခါတိုင်းနှစ်တွေထက် ပိုထွက်တယ်လေ၊ သီးနှံပျက်စီးမှုလည်း နည်းပါတယ်။ ဒီဈေးနှုန်းအတိုင်း ဆိုရင်တော့ ဒီနှစ်အဆင်ပြေနိုင်ပါတယ်”ဟု တညင်းသီးစိုက် ပိုင်ရှင်တစ်ဦးက ပြောသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)