မြန်အောင် ဩဂုတ် ၁၁
ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (CDA)၊ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သော HARP-F/ UK aid အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော မြို့နယ်အဆင့် သဘာဝဘေး လျော့ပါးရေးဆိုင်ရာ အရေးပေါ်လုပ်ငန်း အစီအစဉ်ရေးဆွဲခြင်းနှင့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မြန်အောင်မြို့ ဘိုးဘွားရိပ်သာဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲသို့ ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုဦးစီးမှူး ဦးထက်နိုင်၊ CDA စီမံကိန်းမန်နေဂျာ ဦးအောင်လှိုင်ဦး၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဌေးလွင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဒုဦးစီးမှူး ဦးစိုးနိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးအောင်နိုင်ထွန်းနှင့် ရပ်ကွက်/ကျေးရွာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
ရေဘေးစခန်းဖွင့်လှစ်သော ဘုန်းတော်ကြီးကျောင်းများတွင် ကြိုတင်အသိပေး ပြင်ဆင်ခြင်း၊ တုံ့ပြန် ဆောင်ရွက်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းအစီအစဉ်ဖြင့် မြန်အောင် မြို့နယ်အတွင်းရှိ စီမံကိန်းနေရာ (၁၆)ခုတို့မှ ရပ်ကွက်/ကျေးရွာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များအား မြို့နယ်အဆင့် သဘာဝဘေး လျော့ပါးရေးဆိုင်ရာ အရေးပေါ် လုပ်ငန်းအစီအစဉ် ရေးဆွဲခြင်း လုပ်ငန်းများအကြောင်း ဆွေးနွေးအသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ဘေးအန္တရယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေး ပစ္စည်းများဖြစ်သော Life Jacket၊ အသက်ကယ်ဘောကွင်း၊ ဆေးသေတ္တာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်၊ မြန်အောင် (ပြန်/ဆက်)