မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ကျေးလက်ဒေသနေ ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများ လှူဒါန်း

မော်လမြိုင်ကျွန်း    ဩဂုတ်    ၁၁

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ကျေးလက်ဒေသနေ ကျောင်းသား/ကျောင်းသူများ ကိုဗစ် ကာလအတွင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက လိုအပ်မည့် အသုံးအဆောင်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွမ်းခြံချောင်းကျေးရွာအုပ်စု၊ အောင်ချမ်းသာရပ်ကွက်တွင် ဆောင်ရွက်သည်။

အဆိုပါကျေးရွာအတွင်းရှိ ကျောင်းသား/ကျောင်းသူ (၂၃၆) ဦးအတွက် ရန်ကုန်မြို့၊ အနှိုင်းမဲ့မေတ္တာ ပရဟိတလူငယ်အဖွဲ့မှ လာရောက်လှူဒါန်းပေးခြင်းဖြစ်ပြီး လှူဒါန်းရာတွင် အောင်ချမ်းသာရပ်ကွက် ၁ လမ်းမှ ၁ဝ လမ်းအထိ ကျောင်းသား/ကျောင်းသူများအား စနစ်တကျ စီတန်းစေ၍ ခွဲဝေပေးအပ်သည်။

လှူဒါန်းပစ္စည်းများမှာ ကျောင်းဝတ်စုံ၊ ထီး၊ ဖိနပ်၊ ဗလာစာအုပ်၊ ဘော့ပင်၊ ကွန်ပါဘူးနှင့် သရေစာမုန့်ထုတ်များဖြစ်ပြီး လက်ခံရရှိသည့် ကျောင်းသား/ကျောင်းသူများမှာ ဝမ်းသာပျော်ရွှင်လျက်ရှိကြောင်း အလှူရှင်များ လှူဒါန်းနိုင်စေရေး စီစဉ်ဆောင်ရွက်ပေးသူ ဦးလောထံမှ သိရှိရသည်။

သီတာအောင်(ပြန်ဆက်)