ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းလွှာစိစစ်ခြင်း စတင်ဆောင်ရွက်

ပုသိမ်   သြဂုတ်   ၁၁

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်း တင်သွင်းလွှာ စိစစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် စတင်ဆောင်ရွက် သည်။

ရှေးဦးစွာ ခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင်က ကိုယ်စားလှယ်လောင်းများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် အတွင်းရေးမှူးနှင့် အဖွဲ့ခွဲဝင်များက ရွေးကောက်ပွဲ ကျင်းပမည့်နေ့ မတိုင်မီ ရက်ပေါင်း ၆၀ အလိုတွင် မဲဆွယ်စည်းရုံးခြင်းများ၊ စုဝေးဟောပြောခွင့်လျှောက်ထားခြင်းဆိုင်ရာများ၊ မီဒီယာများတစ်ဆင့် ဟောပြော စည်းရုံးခြင်းနှင့် ရေးသားပုံနှိပ် ထုတ်ဝေခြင်းကိစ္စရပ်များ၊ ငွေစာရင်းဆိုင်ရာကိစ္စရပ်များစသည့် ကိုယ်စားလှယ် လောင်းများ သိသင့်သိထိုက်သည်များကို အသိပေးရှင်းပြခဲ့ကြသည်။

ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းလွှာများ စိစစ်ရာတွင်ကိုယ် စားလှယ်လောင်း ၏ အမည်စာရင်းတင်သွင်းလွှာနှင့် ကိုယ်ရေးမှတ်တမ်းဖြည့်စွက်မှု ကွဲလွဲခြင်း ရှိ / မရှိ၊ အမည်စာရင်း လိမ်လည်တင်သွင်းခြင်း ဟုတ်/မဟုတ်၊ ရွေးကောက်တင်မြှောက်ပိုင်ခွင့်ရှိသူ ဟုတ်/မဟုတ်၊ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံမှု ရှိ/မရှိ၊ မှတ်ပုံတင်ကြေး ပေးသွင်းရာတွင် နည်းဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ၊ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားခန့်အပ်မှု၊ နိုင်ငံရေးပါတီ တစ်ခုတည်းကိုသာ ကိုယ်စားပြု တင်သွင်းခြင်း၊ တစ်သီးပုဂ္ဂလိကတင်သွင်းခြင်း ဟုတ်/မဟုတ်၊ မဲဆန္ဒနယ်မြေတစ်ခုတည်း တင်သွင်းခြင်း ဟုတ်/မဟုတ်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏လမ်းညွှန်မှာကြားချက် စသည့် ကိုယ်စားလှယ် လောင်းအရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ပုသိမ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ကိုယ်စားလှယ် လောင်း (၂၄) ဦးကို စိစစ်ခဲ့ကြောင်း သိရသည်။

ခင်စန္ဒာဆွေ(ပုသိမ်)