ဟင်္သာတ ဩဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ ၅ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project -VRFP) စာချုပ်ချုပ်ဆိုခြင်းနှင့် ရန်ပုံငွေလွှဲ ပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟင်္သာတခရိုင်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်၊ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးတို့က စီမံကိန်း လုပ်ငန်းစဉ်များ အကြောင်းကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)တွင် ပါဝင်သည့် ကျေးရွာရန်ပုံငွေ စီမံခန့်ခွဲမှု ကော်မတီတာဝန်ရှိသူများနှင့် စာချုပ်ချုပ်ဆိုပြီးနောက် အိမ်ခြေ(၁၀၁) နှင့်အထက် ကျေးရွာများ ဖြစ်သည့် လဟာပ၊ ဘုရားကုန်း ကျေးရွာတို့ကို ရန်ပုံငွေကျပ် သိန်း(၃၀၀)ကို လည်းကောင်း၊ အိမ်ခြေ (၅၁)နှင့် (၁၀၀)ကြား ကျေးရွာဖြစ်သည့် သရက်အိုင်ကျေးရွာကို ရန်ပုံငွေကျပ်သိန်း (၂၀၀)ကိုလည်ကောင်း၊ အိမ်ခြေ (၅၀)နှင့်အောက် ကျေးရွာများဖြစ်သည့် ကံဘုရား၊ ဗျစ်အင်း ကျေးရွာများကို ရန်ပုံငွေကျပ်သိန်း(၁၀၀)ကို လည်းကောင်း တာဝန်ရှိသူများက ကျေးရွာတစ်ရွာခြင်းအလိုက် ပေးအပ်ခဲ့ကြသည်။
အဆိုပါ ကျေးရွာများတွင် ကျေးရွာရန်ပုံငွေ စီမံခန့်ခွဲမှု ကော်မတီ၏စီမံမှုဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကျေးရွာကုန်ထုတ်လုပ်ငန်း၊ အသေးစားရောင်းဝယ်ရေး လုပ်ငန်းနှင့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ကျော်ကျော် (ပြန်/ဆက်)