ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ ပြည်သူများအား ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ အသိပညာပေးလက်ကမ်း စာစောင်များနှင့် Mask N-95 အမျိုးအစား(၂၆၀)ကျော် အခမဲ့ဖြန့်ဝေ

ဟားခါး   မတ်  ၂၅

ချင်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းအဖွဲ့ခွဲ၊ ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ လက်ဝယ်အရောက် အခမဲ့လိုက်လံ ဖြန့်ဝေပေးလျက်ရှိပြီး ဟားခါးမြို့၊ ပြည်သူ့ဆေးရုံနှင့် စျေးအတွင်း Mask N-95 အမျိုးအစား (၂၆၀)ကျော် အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအဖွဲ့ခွဲ၊ ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျုံဟူးနှင့် တပ်ဖွဲ့ဝင်များသည် ဟားခါးမြို့ ပြည်သူ့ဆေးရုံ၊ ကျောဘုတ်ရပ်ကွက်နေပြည်သူများ၊ မော်တော်ယာဉ်များအပေါ်တွင် လိုက်ပါလာသူ ခရီးသွား ပြည်သူ များနှင့် ဟားခါးမြို့ဒေသခံ ပြည်သူများအား တစ်ကိုယ်ရေ သန့်ရှင်းရေး၊ လက်စင်ကြယ်စွာ ဆေးကြောရေးအပါအဝင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများအား အသိပညာပေးပြောကြားပြီး လက်ကမ်း စာစောင်များနှင့် တစ်ခါသုံး Mask များကို အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအဖွဲ့ခွဲ၊ ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့သည် ချင်းပြည်နယ် တီးတိန်မြို့နယ်သို့ (၂၆.၃.၂၀၂၀) ရက်နေ့တွင် တစ်ခါသုံး Mask များကို အခမဲ့ ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြင့်နိုင်စိုး(ပြန်/ဆက်)