တွန်းဇံမြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်

တွန်းဇံ  မတ် ၂၅

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ယနေ့ နံနက်(၇)နာရီအချိန်မှ စတင်၍ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ (၂၃-၃-၂၀၂၀) ရက်နေ့ ည (၁၁) နာရီ ၄၅ မိနစ်အချိန်  ကိုရိုနာဗိုင်းရပ်စ် ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံးတွင် စောင့်ကြည့်လူနားအဖြစ် လွှဲပြောင်းပေးခြင်း ခံရသူတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ တွေ့ရှိကြောင်းသတင်းထုတ်ပြန်အရ  တွန်းဇံမြို့ရှိ  ပူးပေါင်း စစ်ဆေးရေးအဖွဲ့သည်  ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစစ်ဆေးမှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ခဲ့ကြသည်။ တွန်းဇံမြို့ အဝင်/အထွက် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များကို မောင်းနှင်သော ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်စီးနင်းသူများကို ကျန်းမာရေး စစ်ဆေးမှုများကို စစ်ဆေးဆောင်ရွက်လျက် ရှိသည်။ ထို့အတူ မြို့နယ်ကျန်းများရေးဦးစီးဌာနနှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်ကလေး စောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည်  ကိုရိုနာဗိုင်းရပ်စ် ရောဂါနှင့်ပတ်သက်၍ လူနေအိမ်များ၊ ဆိုင်ခန်းများသို့ သွားရောက်ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက်ဆေးနည်းပြသခြင်း၊ လက်ဆေးရန်ရေနှင့် လက်ဆေးရည် ထားရှိရေး ပညာပေးခြင်းနှင့် ပိုးသတ်ဆေးမျာ ဖျန်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများကို ယနေ့နံနက် မှစတင်၍ နေ့စဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)