မယ်စဲ့ကုန်သွယ်ရေးစခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး စစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မယ်စဲ့  မတ် ၂၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နှစ်နိုင်ငံနယ်စပ်ဂိတ် (ဘီပီ-၁၃) နှင့် (ဘီပီ-၁၄) တို့ကို မတ်၂၁ရက်မှစ၍ တရားဝင်ပိတ်ထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် သွားလာမှု မရှိစေရေးနှင့် ခရီးသွား ပြည်သူများ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၆ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မယ်စဲ့ ကုန်သွယ်ရေးစခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ အောင်ဇော်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများက မယ်စဲ့ကုန်သွယ်ရေးစခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အဝေးပြေး ယာဉ်လိုင်းများမှ ခရီးသွားပြည်သူများအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် လက်ကိုသန့်ရှင်းစင်ကြယ်စွာ မကြာခဏဆေးကြောရန် အစရှိသည့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

“မယ်စဲ့မြို့နယ်မှာ (ဘီပီ-၁၃)ဂိတ်နဲ့ (ဘီပီ-၁၄)နယ်စပ်ဂိတ်တွေကို မတ်၂၁ရက်နေ့ ကတည်းက မြန်မာဘက်ကနေ တရားဝင်ပိတ်ထားပြီး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက နေ့စဉ်စောင့်ကြပ် ကြည့်ရှုကြပေမဲ့ ဂိတ်မဟုတ်တဲ့ လမ်းကြောင်းတွေဖြစ်တဲ့ ဘီပီ-၁၅နဲ့နီးတဲ့ ဟိုဂျစ်ကျေးရွာ၊ ဘီပီ-၁၃ နဲ့နီးတဲ့ ဟိုမန်းကျေးရွာ အစရှိတဲ့ လမ်းကြောင်းတွေကနေ တရားမဝင် ဝင်ရောက်လာမှာကို စိုးရိမ်ရပါတယ်။ ဒါကြောင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာတာဝန်ခံတွေကိုလည်း မိမိတို့ရပ်ရွာအတွင်းမှာ ပြည်ပနိုင်ငံတွေက ပြန်လာတဲ့သူတွေရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ အကြောင်းကြားပေးဖို့ ဖုန်းနံပါတ်တွေလည်း ပေးထားပါတယ်။ မယ်စဲ့မြို့နယ်မှာ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်လာမှု မရှိစေရေး ခရီးသွား ပြည်သူများနဲ့ ဒေသခံပြည်သူတွေကို အသိပညာပေးတဲ့ လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထံမှ သိရသည်။

ဝတ်ရည်(ပြန်/ဆက်)