ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုးနဲ  မတ် ၂၅

ရှမ်းပြည်နယ်‌ (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စုများအထိ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က ကိုရိုနာဗိုင်းရပ်(စ်)နှင့် ပတ်သက်၍ ပြည်သူများတစ်ဦးချင်း လိုက်နာရမည့် ရှောင်ရန် /ဆောင်ရန်များ သိရှိစေရန် လှုံ့ဆော်ပညာပေးရေး၊ ပြည်ပနိုင်ငံများမှ အလုပ်သွားရောက် လုပ်ကိုင်ပြီး၊ မိမိမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများသို့ ပြန်လည်ရောက်ရှိလာပါက နီးစပ်ရာ ပြည်သူများက ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ သတင်းပေးပို့ရေးနှင့် ကျန်းမာရေးစောင့်ကြပ် စစ်ဆေးခံ ဆောင်ရွက်ရေး၊ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ ဝိုင်းဝန်း ကူညီဆောင်ရွက်ရေးကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ၊ရပ်/ကျေး စာရေးဝန်ထမ်းများ ၊ရာအိမ်မှူး ၊ဆယ်အိမ်မှူးတို့က  ကြိုတင် ပြင်ဆင်ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)