ဟားခါး သြဂုတ် ၉
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ဟားခါးမြို့ မြို့တော်ခန်းမ၊ အထက(၁)ခန်းမ၊ အထက(၂)ခန်းမနှင့် ဟားခါးထာရ်ရပ်ကွက်တို့တွင် ဆေးထိုးစုရပ်လေးနေရာခွဲ၍ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေကို ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးနှံပေးသည့် အဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်အထူးကု ဆရာဝန်များ၊ ဆေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး အဘိုးအဘွားများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆေးမထိုးရအုပ်စုမှန်မမှန် စိစစ်ခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးပါက မိနစ်(၃၀)ကြာ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဟားခါးမြို့ရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-ကာကွယ်ဆေး ထိုးနှံမှုကို သြဂုတ် ၉ ရက်မှစ၍ ၁၂ ရက်နေ့အထိ သတ်မှတ်သည့် ဆေးထိုးစုရပ်များတွင် ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )