မိုးကောင်း မတ် ၂၅
သာသနာရေးဦးစီးဌာန၏ စာမေးပွဲအချိန်ဇယားကြေညာချက်အရ မိုးကောင်းစာဖြေဌာန၏ မတ်လ ၃၀ရက်မှ ဧပြီလ ၅ ရက်ထိ အထက(၁) ခန်းမ၌ (၇)ရက်တိုင် ကျင်းပသွားမည့် အစိုးရပါဠိပထမပြန်စာမေးပွဲအား ရက်ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း မိုးကောင်းမြို့နယ် သာသနာရေးမှူးရုံးမှ သိရသည်။
ဩဝါဒစရိယဆရာတော်များ၊ အထူးကြီးကြပ်ရေးဆရာတော်များ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့နှင့် လုပ်ငန်းကော်မတီများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏(၂၃-၃-၂၀၂၀)ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ စောင့်ကြပ်ကြည့်ရှုခံရသူများထဲတွင် ရောဂါပိုးရှိသူများ တွေ့ရှိချက်နှင့်စပ်လျဉ်း၍ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဆက်လက်ကျင်းပရန် သင့်/မသင့် ပထမအကြိမ်၊ ဒုတိယအစည်းအဝေး၌ ဆရာတော်ကြီးများ၏ အပြန်အလှန်သုံးသပ်ချက်အရ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါဆုံးဖြတ်ချက်၌ ၂၀၂၀ ပြည့်နှစ် ဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ထိန်းချုပ်နိုင်သည်အထိ ရွှေ့ဆိုင်းထားရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်အရ မိုးကောင်းမြို့တွင် ကျင်းပမည့် ပါဠိပထမပြန်စာမေးပွဲကို ရက်ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)