ဆွမ်ပရာဘွမ်မြို့နယ်၌ ဒုတိယအကြိမ် ထပ်မံရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ဆွမ်ပရာဘွမ်   ဩဂုတ်  ၁၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်ရှိဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က ဆွမ်ပရာဘွမ်မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm)ထိုးနှံနိုင်ရေးအတွက် ဩဂုတ် ၁၀ ရက်နေ့တွင် မြို့နယ် ကိုဗစ်-၁၉ ကော်မတီဝင်များက မြို့နယ်ရှိ မိဘပြည်သူများအား ကာကွယ်ဆေးထိုးနှံမည့် အစီစဉ်များကို အသံချဲ့ စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အသက် ၁၈ နှစ်ပြည့်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော မိဘပြည်သူများအား ထိုးနှံပေးမည်ဖြစ်ရာ ဆေးမထိုးမီ နာမည်စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ လက်ဆေးစေခြင်း၊ Mask တပ်ဆင်စေခြင်း၊ ဆေးထိုးအပြီးတွင်လည်း ပုံမှန်အနေအထားရှိမှ သွားခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ဆွမ်ပရာဘွမ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၂၀၀ ရောက်ရှိကာ ဆေးတစ်လုံးကို နှစ်ဦးနှုန်းဖြင့် လူဦးရေ ၄၀၀ ဦးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် မိဘပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီများက ကြည့်ရှုအားပေးပြီး ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ၁၁-၈-၂၀၂၁ ရက်နေ့မှ ၁၂-၈-၂၀၂၁ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ထိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်(ပြန်/ဆက်)