မိုးကောင်း မတ် ၂၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ (၂) နာရီတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပသည်။
ညှိနှိုင်းဆွေးနွေးရာတွင် မြို့နယ်/ရပ်ကျေးကော်မတီ ဖွဲ့စည်းကြပ်မတ် ဆောင်ရွက်ရေး၊ အလှူငွေနှင့်ဆေးဝါးပစ္စည်းများ လက်ခံရရှိထိန်းသိမ်းရေး၊ အထက်ဌာနများ၏ ညွှန်ကြားချက်များနှင့်အညီ အလှူပွဲ၊ မင်္ဂလာပွဲများကျင်းပခြင်းဆိုင်ရာ ကိစ္စများကို ညွှန်ကြားချက်နှင့်အညီ ဖြစ်စေရေး၊ ထိုင်းနိုင်ငံနှင့်အခြားနိုင်ငံများသို့ သွားရောက်ပြီး ပြန်လာသူများအား (၁၄) ရက်တိတိ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Home Quarantine) လုပ်ငန်းစဉ်အား အထူးဂရုပြု ဆောင်ရွက်ရေးနှင့် လိုအပ်ပါက သီးသန့်ထားရှိနိုင်မည့် (Quarantine Hall) အဆောက်အအုံများ စနစ်တကျရှိစေရေး စသည့်ကာကွယ်ရေးစည်းမကျိုးပေါက်စေရေးကိစ္စရပ်များအား ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အခမ်းအနားကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်မြသွေးစံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ စည်ပင်ကော်မတီဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြောင်းသိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)