မိုင်းယောင်း မတ် ၂၅
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က မိုင်းယောင်း-မိုင်းဖြတ်သွားလမ်းပေါ်ရှိ မုန်းလိုက်တံတား၌ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကူးစက်ခံရခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မြို့နယ်အတွင်း အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် မုန်းလိုက်တံတားပေါ်တွင် ဖြတ်သန်း သွားလာနေသည့် ဒေသခံပြည်သူများ၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဖြတ်မြို့များမှ ပြန်လည်ရောက်ရှိလာသည့် မိုင်းယောင်းမြို့နေ ပြည်သူများ၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး ကိစ္စရပ်များ ဆောင်ရွက်ရန် မိုင်းယောင်းမြို့သို့ လာရောက်သည့် အခြားမြို့နေ ပြည်သူများအား Infrared Thermometer စက်(၃)လုံးဖြင့် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကူးစက်ခံရခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့သည်။
မိုင်းယောင်းမြို့တွင် ပြည်သူများ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်တားဆီးကာကွယ်ရေးအသိပေးချက်များကို တာဝန်ရှိသူများက တိုက်တွန်းနှိုးဆော်လျက်ရှိပြီး “စောစောပြော၊ စောစောသိ၊ အားလုံးအကျိုးရှိ” ရန်အတွက် ပြည်သူထံသို့ ပန်ကြားချက်များကိုလည်း အထူးအလေးထား ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)