ကလိန်အောင် မတ် ၂၄
ယနေ့ မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားလာပြီဖြစ်သော ကိုရိုနာဗိုင်းရပ်(စ်) ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ ကြိုတင် သတိပြု ကာကွယ်နိုင်စေရန်နှင့် ဆောင်ရန်၊ ရှောင်ရန် အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကြိုတင် ကာကွယ် ရေး အသိပညာပေး မြေစိုက် နံရံကပ်စာစောင်ပြသမှုကို တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်(၉)နာရီခွဲက ပြသ ဆောင်ရွက်ခဲ့သည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ဆိုတာဘာလဲ၊ ရောဂါလက္ခဏာတွေက ဘာတွေ လဲ၊ ဗိုင်းရပ်(စ် ) ကြောင့် သေကျေပျက်စီးမှု၊ ဘယ်အထိ ပျံ့နှံ့နေ ပြီလဲ၊ ကာကွယ်ဆေးရှိသလား၊ ဗိုင်းရပ်စ် ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဆောင်ရွက်ချက်များ၊ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါနှင့် ပတ်သက်၍ ပြည်သူများသို့ အသိပေးနှိုးဆော်ချက်၊ သတင်းထုတ်ပြန်ချက်၊ ရောဂါဖြစ်ပွားသောဒေသမှ ပြန်လာ သူများ၏ အတူနေမိသားစုဝင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ နှာချေ၊ ချောင်းဆိုးသည့် အခါ တိုင်းလိုက်နာရမည့် ကျင့်ဝတ်များ၊ အသိပညာပေး မှတ်တမ်းများ၊ နိုင်ငံတော် အစိုးရ၏ တိုင်းကျိုး ပြည်ပြု ဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံများကို ပြသ ဆောင်ရွက်ထားသည်။
မြေစိုက် နံရံကပ်ဘုတ်ကို မြို့တွင်း လူစည်ကားရာ နေရာတွင် စိုက်ထူထားရှိ သောကြောင့် ပြည်သူများ အလွယ်တကူကြည့်ရှုနိုင်ပြီး (၁)လလျှင် နှစ်ကြိမ်လဲလှယ် ပြသ ပေးလျက်ရှိကြောင်း သိရှိရသည်။
မိုးမိုးခိုင်(ပြန်/ဆက်)