နောင်တရား၊ မတ်၂၄
ကမ္ဘာတစ်ဝှမ်းတွင်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ရေးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ ရတနာရန်နိုင် စေတီတော်ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီတွင် ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။
အစည်းအဝေးတွင် နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ နောင်တရားတိုက်နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာငြိမ်းငြိမ်းအိက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ပြင်းထန်အဆုတ်ရောင် ကမ္ဘာ့ကပ်ရောဂါ အကြောင်းနှင့် ကူးစက်နိုင်သည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။ နောင်တရားမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဦးနေမျိုးက ကူးစက်ရောဂါမဖြစ်ပွားအောင် ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များ၊ ကူးစက်ရောဂါ ဖြစ်ပွားလာပါက ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအား လုပ်ငန်းစဉ်အသေးစိတ်များကို ရှင်းလင်းတင်ပြသည်။ မြန်မာနိုင်ငံတွင်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ပြင်းထန်အဆုတ်ရောင် ကမ္ဘာ့ကပ်ရောဂါ နှစ်ဦးစတင်တွေ့ရှိနေပြီ ဖြစ်ကြောင်းသိရသည်။ ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများအနေဖြင့် ပူးပေါင်းကြရန်နှင့် ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ကျန်မာရေးဆိုင်ရာ အကြံပေးချက်များကို လိုက်နာဆောင်ရွက် သွားရန်လိုအပ် ကြောင်း ဒေါက်တာငြိမ်းငြိမ်းအိမှ ပြောကြားသည်။
ခွန်အောင်(နောင်တရား)