ရွာငံ ဩဂုတ် ၁၃
ရွာငံမြို့နယ်သည် စိုက်ပျိုးရေးကိုအခြေခံ၍ အခြားသောစီးပွားရေးလုပ်ငန်းများကိုလည်း ဖွံ့ဖြိုး တိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်လျှက်ရှိကြရာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ ယခု ကိုဗစ်ကာလတွင် ယခင်နှစ်များထက် ဝမ်းစာဖူလုံရေးအတွက် စပါးကို ပိုမိုစိုက်ပျိုး လာကြောင်း သိရသည်။
ရွာငံမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ လယ်မြေနည်းပါးပြီး တောင်ယာ စိုက်ခင်းများဖြင့်သာ အဓိကအသက်မွေး လုပ်ကိုင်ကြသည်။ ယခုနှစ် ကိုဗစ်ကာလတွင် တောင်ယာများ၌ ကုန်မြင့်-၂ (ခေါ်) ဒေသဆန်နီမျိုးများ အများအပြားစိုက်ပျိုးလာရာမှ လယ်စပါး ရွှေရင်အေးစပ်မျိုးများကိုလည်း တောင်ယာများ၌ အစားထိုးစိုက်ပျိုးလာသူ များပြားလာကြောင်း သိရသည်။
ဒေသဆန်နီမျိုးများ၏ တစ်ဧက မျိုးစပါးဝင်ဆန့်မှုမှာ ၂၄ ပြည် (၁၀ဗူး၊တစ်ပြည်)ခန့် အသုံးပြုရပြီး တစ်ဧကအထွက်နှုန်းမှာ ၄၅ တင်းမှ တင်း ၅၀ အထိသာ ထွက်ရှိရာ ဒေသဆန်နီတစ်ဧက ကုန်ကျစရိတ်သည် ရွှေရင်အေး စိုက်ပျိုးမှုကုန်ကျစရိတ်ထက် ပိုမိုများပြားကြောင်း၊ တောင်ယာတွင် ရွှေရင်အေးစပ်မျိုး စပါးတစ်ဧကလျင် မျိုးစေ့(၈) ပြည်ခန့်သာ သုံးရပြီး တစ်ဧက အထွက်နှုန်းမှာ တင်း ၁၀၀ မှ ၁၂၀ အထိရှိ၍ မျိုးဝင်ဆန့်မှုနှင့် အထွက်နှုန်းမှာ ကွာခြားသောကြောင့် တောင်သူများအနေဖြင့် ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်း တိုးတက်ကောင်းမွန်သော လယ်မှာစိုက်ပျိုးသည့် ရွှေရင်အေး စပါးစပ်မျိုးများကို တောင်ယာ များတွင် စိုက်ပျိုးသူများပြားလာကြောင်း၊ ရွှေရင်အေးစိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝမ်းစာဖူလုံ ခြင်းနှင့် အကျိုးခံစားခွင့်များပြီး စားသုံးရာ၌ ဆန်အရေအသွေး ကောင်းမွန်ခြင်း၊ ပိုလျှံသော ဆန်များကို ဈေးကွက်သို့ တင်ပို့ရာတွင် ဈေးကောင်းရခြင်းတို့ကြောင့် တောင်သူများ စီးပွားတွက်ချေကိုက်ကြောင်း သိရသည်။
ရွာငံမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၀၈၂)ပေတွင် တည်ရှိပြီး တစ်နှစ်တာ မိုးရေချိန် ပျှမ်းမျှ (၁၂၇)ရက်မှာ (၈၁.၂၉)လက်မခန့် ရွာသွန်းပြီး ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် ယာစပါးစိုက် ဧကပေါင်း လျာထား (၁၅၆၂၇)ဧက ရှိရာမှ ယခုကိုဗစ်ကာလတွင် လျာထားဧကထက် ကျော်လွန်၍တောင်သူများ တောင်ယာစပါး များကို ဦးစားပေးအဓိကထား စိုက်ပျိုးလာကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)