မိုးမိတ် မတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် ပြည်သူ့ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်နိုင်ရန် အတွက် သံဃာ့ဆေးရုံအားသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်၌ ခရိုင်ရဲမှူး ဒုရဲမှူးကြီး သက်ကိုကို၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုး ၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာနေဝင်းလှိုင် တို့မှ ဦးဆောင်၍ မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရောဂါထောက်လှမ်းနိုင်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရောဂါသံသယရှိတဲ့လူနာတွေကို သီးသန့် ထားနိုင်ရန်အတွက် မြို့နယ်သံဃာ့ဆေးရုံအား သန့်ရှင်းရေး ဆောင်ရွက်ပြီး သီးသန့်ကုတင်များ လိုအပ်သောပစ္စည်းများ ကို သီးသန့်ထားရှိမှုနှင့်ပတ်သက်၍ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့ဝင်မြို့ထွက်လမ်းများ၌ ကျန်းမာရေးစစ်ဆေးခြင်း၊ အပူချိန် တိုင်းတာခြင်း၊ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာ ကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မိုးမိတ်သား(စည်သူဌေး)