ကွတ်ခိုင် ဩဂုတ် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်တစ်မြို့နယ်လုံး၏ ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက် ရာခိုင်နှုန်းသည် ယခင်နှစ်ထက် လျော့နည်းကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းအား မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ဩဂုတ်လ ၉ ရက်နေ့တွင် online ကတဆင့် ထုတ်ပြန်ကြေညာခဲ့ရာ ကွတ်ခိုင်မြို့နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၂၃.၄၆ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်နှစ် အောင်ချက်ရာခိုင်နှုန်းထက် (၃.၆၂)ရာခိုင်နှုန်း လျော့နည်းသည်ဟု မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်နှစ် အောင်ချက်ရာခိုင်နှုန်းသည် (၂၇.၀၈)ရှိပြီး ဂုဏ်ထူးရှင် ကျောင်းသား/သူ (၃၁)ဦးသာ ပါရှိခဲ့ရာ ယခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း လျော့နည်းသော်လည်း ၄-ဘာသာဂုဏ် ထူးရှင်(၂)ဦး၊ ၃-ဘာသာဂုဏ်ထူးရှင် (၉)ဦး၊ ၂-ဘာသာဂုဏ်ထူးရှင် (၉)ဦးနဲ့ ၁-ဘာသာ ဂုဏ်ထူးရှင် (၅၁)ဦး စုစုပေါင်း ဂုဏ်ထူးရှင်ကျောင်းသား/သူ (၇၁)ဦးအထိ ပါရှိခဲ့သောကြောင့် ယခင်နှစ်ထက် ထက်ဝက်ကျော် မြင့်တက်ခဲ့သည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကွတ်ခိုင်တစ်မြို့နယ်လုံး၌ ကျောင်းသား/သူ (၁၈၈၈)ဦး ဖြေဆိုခဲ့ကြပြီး(၄၄၃)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
မိုင်းဘဉာဏ်(ပြန်/ဆက်)