မအူပင် သြဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်/မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး ခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မအူပင်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးက အဖွင့်အမှာစကား ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး တိုင်းဦးစီးမှူး ဦးနေထက်ရှိန်က ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး၊ မိသားစုဝင်ငွေ တိုးပွားပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် သင်တန်းမှရရှိသည့် အတတ်ပညာများဖြင့် မိသားစုတစ်စုချင်းအလိုက် ဝင်ငွေရရှိစေရန် ရည်ရွယ်ချက် ဖြင့် သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းအုပ်ချုပ်သူ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ဌာနမှူး ဦးအောင်ကျော်ဦးက သင်တန်းတွင် စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်၍ အခြေခံ နည်းပညာများကို စိတ်ပါဝင်စားမှုဖြင့် ကျွမ်းကျင်မှုရှိစေရန် ပါဝင် ဆောင်ရွက်နိုင်ရေး ပြောကြား ခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကြောင်း ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်း သင်တန်းကို မအူပင် မြို့နယ်အတွင်းရှိ ကျေးရွာများမှ စိတ်ပါဝင်စားသူ သင်တန်းသား ၂၅ ဦးက တက်ရောက်မည် ဖြစ်ပြီး သင်တန်းကာလကို ၃၀ ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အောင်ခိုင်၊အောင်မြင့်မြတ် (မအူပင်)