လယ်ဝေးမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

လယ်ဝေး    ဩဂုတ်   ၁၃

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီ က လယ်ဝေးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက “အနာဂတ်မြန်မာ့လူ့အဖွဲ့အစည်း တိုးတက်ဖို့အတွက် လူငယ်များသည်အဓိကကျသော အခန်း ကဏ္ဍမှာပါဝင်ကြောင်း၊ စွမ်းဆောင်ရည်ပြည့်ဝသည့် လူငယ်များရဲ့အင်အားစုဟာ အနာဂတ်မြန်မာနိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်တဲ့လူသား အရင်းအမြစ်များ ဖြစ်ပါတယ်။ ထို့ကြောင့် လူငယ်များရဲ့စွမ်းအားမြင့်မားလာဖို့ ဘက်ပေါင်းစုံမှ မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း” ကို အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်သန်းဆင့် က ကလေးသူငယ်စောင့်ရှောက်ရေးလုပ် ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များက အပြန်အလှန်ဆွေးနွေးကြပြီး ဆွေးနွေးချက်များ အား မှတ်တမ်းတင်အတည်ပြုခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များဖြစ်ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ စသည့်ဌာနဆိုင်ရာ အသင်းအဖွဲ့ များ တက်ရောက်ခဲ့ကြောင်း သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)