လားရှိုး ဩဂုတ် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော် မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိပါသည်။
ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် မူဆယ်မြို့၊ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့ များမှတစ်ဆင့် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် မေလ(၆) ရက်နေ့မှစတင်၍ ပို့ဆောင်ပေးလျက်ရှိရာတွင် ယနေ့တွင် နေရပ်ပြန်ပြည်သူ အမျိုးသား(၇၃)ဦး၊ အမျိုးသမီး (၅၂)ဦး စုစုပေါင်း (၁၂၅)ဦး တို့အား ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ နေရပ်ပြန်ပြည်သူ (၁၂၅)ဦး တို့တွင် ကချင်ပြည်နယ်မှ (၂)ဦး၊ ချင်းပြည်နယ်မှ (၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၈)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၄)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၈၃)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၄)ဦး၊ နေပြည်တော်မှ (၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၇)ဦး၊ ရခိုင်ပြည်နယ်မှ(၉)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၆)ဦးတို့ ဖြစ်ကြသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် ထပ်ဆင့်လွှဲပြောင်းပို့ဆောင်ပေးရာတွင် မေလ(၆)ရက်နေ့မှ ဩဂုတ်လ(၁၃)ရက်နေ့အထိ အမျိုးသား(၉၁၂၉)ဦး၊ အမျိုးသမီး (၅၆၄၄)ဦး စုစုပေါင်း (၁၄၇၇၃) ဦးတို့ကို ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
နန်းသန္တာဦး (ပြည်နယ်၊ပြန်/ဆက်)