လားရှိုးမြို့၌ (COVID19)ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီနှင့် အရပ်ဖက်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ မီဒီယာများနှင့် တွေ့ဆုံပွဲကျင်းပ

လားရှိုး  မတ် ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ (COVID2019) ကာကွယ်ထိန်းချုပ်ရေး  အသိပေးရှင်းလင်းခြင်းနှင့် ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်သည့်  ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများထောက်ပံ့လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းနားတွင် ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး  ဦးကျော်ဇော်သူမှ အဖွင့်အမှာစကားပြောကြားကာ  ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွှန့်က COVI-19နှင့် ပတ်သက်၍ နိုင်ငံတကာ၏အခြေအနေ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၏ အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် လားရှိုးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာဉာဏ်မြင့်မှလည်း COVID -19 နှင့် ပတ်သက်၍  လားရှိုးပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လိုအပ်ချက်များ ရှင်းလင်း ဆွေးနွေးခြင်း၊ အစည်းဝေးတက်ရောက်လာသူများမှလည်းပြန်လည် ဆွေးနွေးကကြသည်။

အလှူရှင်များမှ ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်သည့်ဆေးရုံးသုံးပစ္စည်းများအတွက် အလှူငွေများစုစုပေါင်း(၉၉)သိန်းကျပ်ကို ပေးအပ်ခဲ့ရာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ဇော်သူ၊ ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွှန့်၊ လားရှိုးပြည်သူ့ ဆေးရုံကြီးမှဆေးရုံအုပ်ကြီးဒေါက်တာဉာဏ်မြင့်တို့က အသီးသီးလက်ခံရယူခဲ့ကြသည်။

အခမ်းနားသို့ ဌာနဆိုင်ရာများ ၊ လူမှုကူညီရေအသင်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ သတင်းမီဒီယာများ တက်ရောက်ကာဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)