မိုင်းပန်မြို့နယ်တွင် အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်(အေ)နှင့် သန်ချဆေး တိုက်ကျွေးခြင်းဆောင်ရွက်

မိုင်းပန်     ဩဂုတ်    ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ မြို့ပေါ်(၄)ရပ်ကွက်နှင့် တပ်နယ်များရှိ အသက် (၅) နှစ်အောက် ကလေးငယ်များအား ဗီတာမင်(အေ) တိုက်ကျွေးခြင်းနှင့် အသက်(၂) နှစ်နှင့် (၅) နှစ်အတွင်း ကလေးငယ်များအား သန်ချဆေးတိုက်ကျွေးခြင်း အစီအစဉ်ကို ဩဂုတ်လ (၁၂) ရက်နေ့နှင့် (၁၃) ရက်နေ့ နံနက်ပိုင်းတို့တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်အတွင်းရှိ တပ်နယ်၊ အရှေ့၊ အလယ်၊ ရွာသစ်နှင့် အနောက်ရပ်ကွက်၊ အကွက်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၇) အတွင်းရှိ အသက် (၅) နှစ်အောက် ကလေးငယ် (၃၈၆) ဦးအား ဩဂုတ်လ (၁၂) ရက်နေ့ နံနက်ပိုင်းတွင်လည်းကောင်း၊ အနောက်ရပ်ကွက် အကွက် (၆)၊(၈)၊(၉)၊ (၁ဝ+ရဲစခန်း)၊ (၁၁)၊ (၁၂) အတွင်းရှိ အသက်(၅) နှစ်အောက် ကလေးငယ် (၃၃၇) ဦးအား ဩဂုတ်လ (၁၃) ရက်နေ့တွင်လည်းကောင်း နေရာများခွဲ၍ အသီးသီး တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

ကလေးငယ်များ ဗီတာမင်ချို့တဲ့ခြင်းမှ ကာကွယ်ပေးပြီး ကျန်းမာသန်စွမ်း၍ ကိုယ်ခန္ဓာကြီးထွား ဖွံ့ဖြိုးကာ ဉာဏ်ရည်ထက်မြက်စေရန်အတွက် ရည်ရွယ်၍ ယခုကဲ့သို့တိုက်ကျွေးရခြင်းဖြစ်ကြောင်း၊ ထိုသို့တိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှ အဖွဲ့ဝင်များမှ လိုက်ပါကူညီတိုက်ကျွေးခဲ့ကြကြောင်းနှင့် (၂) ရက်တာအတွင်း ဆေးတိုက်ကျွေးခြင်း အစီအစဉ်အတွက် စာရင်းရှိ အသက် (၅) နှစ်အောက် ကလေးငယ် စုစုပေါင်း (၇၂၃) ဦးအား ဗီတာမင်(အေ)ဆေး ရာနှုန်းပြည့်တိုက်ကျွေးနိုင်ခဲ့ကြောင်းနှင့် အဆိုပါကလေး (၇၂၃) ဦးအတွင်းမှ အသက် (၂) နှစ်နှင့် (၅) နှစ်အတွင်းရှိ ကလေး (၅ဝ၇) ဦးအား သန်ချဆေးများ ရာနှုန်းပြည့်ထပ်ဆောင်း တိုက်ကျွေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ဆန်းမြင့် (ပြန်/ဆက်)