မိုးမောက် မတ် ၂၃
ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀) နာရီ အချိန်တွင် မြို့မိ/မြို့ဖများ၊ စည်ပင်ကော်မတီ၊ လူမှုရေးအသင်းအဖွဲ့၊ ကျန်းမာရေးဌာနနှင့် လိုအပ်သော ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကို က နယ်စပ်မှဝင်လာသူများကို အသေးစိတ်စစ်ဆေးရန်၊ အလှူရှင်များရှာဖွေ၍ Mask၊ လက်အိတ်၊ ကျန်းမာရေးသုံးဝတ်စုံ၊ လူမှုရေးအဖွဲ့များမှ ပူးပေါင်းပါဝင် လှုပ်ရှား ဆောင်ရွက်ရန်နှင့် လူစည်ကားရာ နေရာများတွင် လက်ဆေးကန်နှင့် ကျန်းမာရေး ပိုစတာများ ဆောင်ရွက်ရန်၊ မသင်္ကာဖွယ်ရာ တွေ့ရှိပါက စောင့်ကြည့်လူနာများ ထားရှိရန် နေရာများအကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ကျန်းမာရေးဌာနမှ ဒေါက်တာဝင်းအောင်ဦး က ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ကြပါရန်နှင့် ရပ်ကွက်နေ ပြည်သူများ မလိုအပ်ဘဲ အပြင်မထွက်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်မီ ထုတ်ပြန်ပေးသော သတင်းများကို နားထောင်ကြရန်၊ မိမိပတ်ဝန်းကျင်တွင် နယ်စပ် (သို့မဟုတ်) ခရီးမှ ပြန်လာသူများအား အသိပေးပါရန်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
လွန်းနန်းထွေး