ကျိုက်လတ် ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုတွင် လိုအပ်သည်များအား သက်ဆိုင်ရာ ဌာနများက ပေါင်းစပ်ဆောင်ရွက်ပေးရန်၊ မဲရုံများတွင် လျှပ်စစ်မီးနှင့် ဆိုလာမီးများ ရရှိစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ပြည်သူများ လိုက်နာဆောင်ရွက်ရေးနှင့် မြို့နယ်အတွင်း လောင်းကစား ကင်းစင်ရေးတို့ကို ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မိမိတို့နှင့်သက်ဆိုင်သည်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)