ပုသိမ် သြဂုတ် ၁၄
ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ခရိုင်အတွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းမှု စိစစ်ခြင်းကို စတုတ္ထနေ့အဖြစ် ယနေ့ နံနက် ၉ နာရီခွဲတွင် ခရိုင်ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ဆောင်ရွက်သည်။
ပုသိမ်ခရိုင်အတွင်းရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နေရာများ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၊ ၂ ၊၃ နေရာများနှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၁ ၊ ၂ တို့တွင် ဝင်ရောက် ယှဉ်ပြိုင် ရွေးချယ်ခံမည့် အမျိုးသားဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ (၂၄ )ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၃) ဦး၊ စုစုပေါင်းကိုယ်စားလှယ်လောင်း (၂၇)ဦးကို စိစစ်ဆောင်ရွက်ပေးခဲ့သည်။
ပုသိမ်ခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းမှု စိစစ်ခြင်း ကို သြဂုတ်လ ၁၁ ရက်နေ့က စတင်ခဲ့ပြီး ယနေ့အထိ နိုင်ငံရေးပါတီ ၈ ခုနှင့် တစ်သီးပုဂ္ဂလ ၈ ဦး၊ စုစုပေါင်း ကိုယ်စားလှယ် (၁၀၆)ဦးကို စိစစ်ပြီးကြောင်း သိရသည်။
ကိုယ်စားလှယ်လောင်းများ အမည်စာရင်း စိစစ်တင်သွင်းမှု ဆောင်ရွက်ရာတွင် ခရိုင်ကော်မရှင်ဥက္ကဌ ဦးတင့်လွင်နှင့် အဖွဲ့ခွဲဝင်(၁၆)ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ကြပြီး ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် များဖြစ်သည့် ဥပဒေ၊ စာရင်းစစ်၊ စည်ပင်နှင့် ပြန်/ဆက် ဦးစီးဌာနမှ အရာရှိများက ကိုယ်စားလှယ်လောင်းများ သိသင့်သိထိုက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ငွေစာရင်းဆိုင်ရာ ကိစ္စရပ်များ၊ ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေနှင့် စည်ပင်သာယာဥပဒေများကိုလည်း အသိပေးရှင်းလင်းခဲ့ကြောင်းသိရသည်။
ခင်စန္ဒာဆွေ(ပြန်/ဆက်)