မိုင်းပျဉ်း မတ်၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉နာရီက ဟောင်ကန် ကျေရွာအုပ်စု၊ ဝမ်ယန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် မြန်မာ့ဆက်သွယ်ရေးဌာနမှ MPT Sim Card များ အခမဲ့မှတ်ပုံတင်ခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းပျဉ်းမြို့ မြန်မာ့ဆက်သွယ်ရေးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးလှနိုင်နှင့် ဝန်ထမ်းများက Sim Card များ မှတ်ပုံတင်ရခြင်း အကြောင်းအရာများနှင့် လူတစ်ဦးလျှင် Sim Card နှစ်ခု မှတ်ပုံတင်ခွင့်ရှိကြောင်း ရှင်းလင်းပြောကြားပြီး Sim Card များ အခမဲ့ မှတ်ပုံတင်ခြင်းများ ပြုလုပ်ပေးခဲ့သည်။ Sim Card များ မှတ်ပုံတင်ခြင်း သတ်မှတ်ကာလမှာ မတ်လ ၇ ရက်မှ ဧပြီလ ၃၀ ရက်နေ့ထိဖြစ်ကြောင်း သိရသည်။
မေမွန်ထွဋ် (ပြန်/ဆက်)