ချင်းပြည်နယ်၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေး (Cyclone Shelter) အဆောက်အဦများကို ယာယီဆေးခန်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှပြောကြား

ဟားခါး    မတ်  ၂၃

ချင်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအလေးထားဆောင်ရွက်လျက်ရှိပြီး ကြိုတင်ပြင်ဆင်မှုများလည်း ဆောင်ရွက်လျက်ရှိရာ အကယ်၍ သံသယလူနာတွေ့ရှိပါက ထားရှိဆောင်ရွက်နိုင်ရေးအတွက် ချင်းပြည်နယ် အတွင်းရှိ Cyclone Shelter များကို ယာယီဆေးကုသ ဆောင်များအဖြစ် ပြင်ဆင်ထားရှိသွားမည်ဖြစ်ကြောင်း မတ်လ ၂၀ ရက်နေ့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် (COVID-19) ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေး၌ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ငွေစံက (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျွန်တော်တို့အနေဖြင့် မျက်ခြေမပြတ် စောင့်ကြည့်စစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ကြိုတင် ပြင်ဆင်ရေးများလည်း ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကြိုတင်ကာကွယ်ရေး ပစ္စည်းများ လိုအပ်သကဲ့သို့ Patient Zero နှင့် သံသယလူနာ တွေ့ရှိပါက သီးခြားထားရှိ ဆောင်ရွက်နိုင်ရန် နေရာတွေကို ကြိုတင်စီစဉ် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဆွေးနွေးပြော ကြားခဲ့သည်။

ချင်းပြည်နယ်အတွင်း ဟားခါး၊ ဖလမ်း၊ တွန်းဇံနှင့်လိုင်လင်းပီမြို့တို့တွင် Cyclone Shelter စုစုပေါင်း(၄)ခု တည်ဆောက်ထားရှိကြောင်၊ (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အလှူငွေများ ရရှိမှုကို ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံးသို့ ကူညီထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့အထိ အလှူငွေ စုစုပေါင်း ၂၆၁ သိန်းကျပ် လက်ခံရရှိပြီ ဖြစ်ကြောင်း အဆိုပါအစည်းအဝေးနေ့က သိရှိရပါသည်။

အဆိုပါ အစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး ဒေသတွင်း သတင်းမီဒီယာများလည်း ဖိတ်ခေါ်၍ (COVID-19) နှင့် ပတ်သက် သည့် သတင်းမှန်များကို ပြည်သူလူထုထံသို့ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရေး၊ အသိပညာပေး လုပ်ငန်းများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး မီဒီယာသမားများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်း ဆောင်ရွက် ပေးသွားကြရန် တိုက်တွန်းပြောကြား သွားခဲ့ကြောင်း သိရသည်။

မြင့်နိုင်စိုး(ပြန်/ဆက်)