မော်လမြိုင်ကျွန်း၌ တတိယ‌အကြိမ်‌ ပုံမှန်ဝင်‌ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား ထောက်ပံ့ငွေများပေးအပ်

မော်လမြိုင်ကျွန်း  ဩဂုတ်  ၁၄

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ကျင်းပသည်။

ထောက်ပံ့ကြေးငွေပေးအပ်ခြင်းကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေယံထွန်းက ယခုထပ်မံ၍  ကိုဗစ်ကာလအတွင်း တတိယအကြိမ်  နိုင်ငံတော်မှ‌ ထောက်ပံ့ကြေးငွေ တစ်အိမ်ထောင်လျှင် ၂ဝဝဝဝ ကျပ်ပေးမည်ဖြစ်ကြောင်း ရပ်ကွက်ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ ပြည်သူများ လက်ဝယ်အရောက် မြန်မြန်ဆန်ဆန် ပေးအပ်ရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထိုနောက် ရပ်ကွက်၊ ကျေးရွာများအလိုက် ထောက်ပံ့ငွေများကို မြို့နယ် ကိုဗစ်-၁၉ ထိန်ချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ပေးအပ်သည်။

အဆိုပါ မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု (၂၉၂၂၄)စုအတွက် ထောက်ပံ့ငွေ စုစုပေါင်း (၅၈၄၄၈ဝဝဝဝ)ကျပ်အား ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများထံသို့ တစ်ရွာချင်းပေးအပ်ပြီး မြို့ပေါ်  ၁၃ ရပ်ကွက်နှင့် နီးစပ်ရာကျေးရွာများသို့ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၀င်များ၊ အုပ်ချုပ်‌ရေးမှူးများမှ အိမ်တိုင်ရာ အရောက် လိုက်လံထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

သီတာအောင်(ပြန်/ဆက်)