မအူပင် သြဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဖွင့်လှစ်သော(CERP) စီမံချက်အရ ကြက်မွေးမြူရေး သင်တန်းကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ၁၁ ရပ်ကွက် တိကုလမ်း သုဝဏဝတီ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ၏ စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေး(CERP) စီမံချက်အရ ပြည်သူများစီးပွားရေး အစဉ်ပြေစေရန် ရည်ရွယ်၍ ကြက်မွေးမြူရေး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဇေယျာမင်းသူ၊ ဒုတိယဦးစီးမှူး ဒေါက်တာအေးစုအောင်တို့က ကြက်မွေးမြူရာတွင် ကျန်းမာရေးကောင်းမွန်သည့် ကြက်များမွေးမြူကြရန်နှင့် မွေးမြူရမည့်နည်းစနစ်များ၊ မကျန်းမာသော ကြက်တွင်ဖြစ်တတ်သည့် ရောဂါလက္ခဏာများ၊ ကာကွယ်ရန်နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား/သင်တန်းသူ(၂၀)ဦးနှင့် အပြန်အလှန်ဆွေးနွေးခြင်းဖြင့် စနစ်တကျ သင်ကြားလျက်ရှိပြီး သင်တန်း ကာလမှာ သြဂုတ်လ ၁၃ ရက်နေ့မှ သြဂုတ်လ ၁၅ ရက်နေ့အထိ ၃ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မအူပင်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှသိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)