သန့်ရှင်းသော သောက်သုံးရေပေးဝေနိုင်ရေး နောင်လုံကန်နှင့် ဥယျာဉ်ရေ ထွက်ကန်တို့အား စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်

မိုးနဲ မတ် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့တွင်းသောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသော နောင်လုံကန်နှင့်ဥယျာဉ်ကန် သဘာဝရေထွက်တို့ တွင် နွေရာသီရေခမ်းခြောက်မှုမဖြစ်ပေါ်စေရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ရေထွက်အားကောင်းမွန်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၈ နာရီ အချိန်က အဆိုပါ ရေထွက်ကန်‌ နေရာများတွင် အသီးသီးဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့်ကော်မတီဝင်များ ၊မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ နယ်မြေခံ တပ်ရင်း တပ်ဖွဲ့ များမှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများက ရေထွက်ကန် ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကန်အတွင်း အမှိုက်၊ ရေမှော် ၊ သစ်ရွက်ခြောက်များ ဆယ်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)