နမ္မတူမြို့နယ်၌ ပညာ့အမြုတေစာကြည့်တိုက်မှ တတိယအကြိမ်မြောက် ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်

နမ္မတူ မတ် ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ သ.တ.လ (၇) ရပ်ကွက်တွင် ဖွင့်လှစ်ထားရှိသည့် ပညာ့အမြုတေ စာကြည့်တိုက်မှ မြို့နယ်တွင်းရှိ ပြည်သူများနှင့် ကျောင်းသား/သူ ကလေးငယ်များထံသို့ တတိယအကြိမ်မြောက် စာအုပ်စာပေများ လက်ဝယ်အရောက် ငှားရမ်းဆောင်ရွက်ခြင်း လုပ်ငန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်တွင်းရှိ ပြည်သူများနှင့် ကျောင်းသား/သူ ကလေးငယ်များ စာအုပ်စာပေများ လေ့လာဖတ်ရှုတတ်သည့် အလေ့အထကောင်းများ ရရှိစေပြီး ဘဝလမ်းကြောင်း တစ်လျှောက် လမ်းမှားသို့ မရောက်ပဲ ထိန်းသိမ်းတတ်စေရန်နှင့် အားလပ်ချိန်များတွင် စာကြည့်တိုက်များသို့ သွားရောက်ကာ စာပေပညာများ ရှာမှီးတတ်စေရန် ရည်ရွယ်ချက်ဖြင့်  ရွေ့လျားစာကြည့် တိုက်လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပညာ့အမြုတေ စာကြည့်တိုက်မှူး ဦးကိုငယ် ၏ ပြောကြားချက်အရ သိရသည်။

ပညာ့အမြုတေစာကြည့်တိုက်မှ နမ္မတူမြို့နယ်တွင်းရှိ ပန်ဟိုက်ရပ်ကွက် (၁၀) ခုနှင့် သ.တ.လ ရပ်ကွက် (၇) ခုသို့ ကွင်းဆင်း စာအုပ်စာပေများ ငှားရမ်းပေးခြင်း ဆောင်ရွက်ရာ ယခုအပတ်တွင် စာငှားသူ (၃၅၂) ဦး ခန့်ရှိပြီး နွေရာသီအားလပ်ရက် အပတ်စဉ်‌ စနေနေ့တိုင်း ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် ငှားရမ်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)