ဆီဆိုင်မြို့နယ်၌ သစ္စာစီမံချက်ဖြင့် ကျေးရွာ(၃၃)ရွာ နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၃၈၆)ခု ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်

ဆီဆိုင်   သြဂုတ်   ၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဆီဆိုင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စုအသီးသီးရှိ အသက်(၁၈)နှစ်ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ် ၁၃ ရက်နေ့အထိ ကျေးရွာအုပ်စု(၄)အုပ်စု၊ ကျေးရွာပေါင်း(၃၃)ရွာ နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၃၈၆)ခုကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာတွင် လွယ်ပွတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၇)ရွာဖြစ်သည့် ပန်လုံခ၊ လိုက်ပေး(မြောက်)၊ လိုက်ပေ(တောင်)၊ ထီလုံဆူ၊ တွေပူး၊ ကောင်ကေနှင့် ကောင်ဝါးတောင်ကျေးရွာတို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၁၂)ခု၊ နားသံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၈)ရွာဖြစ်သည့် နားပုံး၊ ကုန်းစိမ်း၊ နားမွန်း၊ နားယိန်း၊ ကုန်းလမ်း၊ ပန်လိုင်း၊ မဲ့ဘောင်နှင့် ပချားကလိုကျေးရွာတို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၃၀)ခု၊ နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၉)ရွာဖြစ်သည့် ဘုရားဖြူ၊ ဝါးတော၊ ဟော်တောင်၊ ဟော်မြောက်၊ ပန်လိုင်း၊ ပုံးလောင်း၊ တခေါ့ခွန်၊ နားမွန်းနှင့် နောင်အယ်ကျေးရွာတို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၆၀)ခု၊ နားခိုက်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၉)ရွာဖြစ်သည့် ထမ့်ယမ်း(ပေါ်)၊ ထမ့်ယမ်းတောင်၊ လပ်တိုင်၊ ထီတန်း၊ ပန်ဟိုင်း၊ ဝမ်တီး၊ သီဟိုနှင့် တနိုင်းမွန်းကျေးရွာတို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၈၄)ခု၊ စုစုပေါင်း ကျေးရွာအုပ်စု (၄)အုပ်စု၊ ကျေးရွာ(၃၃)ရွာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၃၈၆)ခုကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိသောကျေးရွာအုပ်စုများသို့လဲ စက်တင်ဘာလ(၃၀)ရက်နေ့အထိ ဆက်လက် ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဆီဆိုင်မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဝင်း ထံမှ သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)