တောင်ကြီး ဩဂုတ် ၁၄
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တောင်ကြီးခရိုင် အတွင်းရှိ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ် ၊ ကလောမြို့နယ် ၊ ရပ်စောက်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်များ ၌ ဝင်ရောက်အရွေးချယ်ခံကြရန် အမည်စာရင်းတင်သွင်းထားကြသော နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းလုပ်ငန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များနှင့် အညီ တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဩဂုတ်လ(၁၁)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၁၀ နာရီအချိန် က စတုတ္တနေ့အဖြစ် ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို တောင်ကြီးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၀)ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၇)ရက်နေ့ထိ လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ရုပ်သိမ်းလွှာ ပြန်လည်တင်သွင်းခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၈) ရက်နေ့မှ ဩဂုတ်လ (၁၀) ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်းလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၁)ရက်နေ့မှ ဩဂုတ်လ(၁၇)ရက်နေ့အထိ လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့်အဖွဲ့တွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များဖြစ်ကြသည့် အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်(၅)(၅)ဦး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၊ ခရိုင်ဥပဒေအရာရှိ၊ ခရိုင်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူးတို့ ပါဝင်မည်ဖြစ်ကြောင်း တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို စိစစ်ရာတွင် ဩဂုတ်လ(၁၁)ရက်၊ ပထမနေ့၌ နိုင်ငံရေးပါတီ (၈)ခုမှ ပြည်သူ့လွှတ်တော်အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ (၁၈)ဦး၊ ဒုတိယနေ့တွင် နိုင်ငံရေးပါတီ(၁၃)ခုမှ ပြည်သူ့လွှတ်တော်အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ (၂၄)ဦး၊ တတိယနေ့တွင် နိုင်ငံရေးပါတီ(၁၀)ခုမှ အမျိုးသား လွှတ်တော်အတွက် လွှတ်တော်ကိုယ်စားလှယ် လောင်း အမည်စာရင်း တင်သွင်းသူ(၁၀)ဦး စုစုပေါင်း(၅၂) ဦး စိစစ်ခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ စတုတ္တ နေ့တွင် နိုင်ငံရေးပါတီ(၈)ခုမှ ပြည်နယ်လွှတ်တော်အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ (၃၆)ဦး စိစစ်ခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသော လွှတ်တော်ကိုယ်စားလှယ် လောင်း အမည်စာရင်းတင်သွင်းလွှာများကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၇)ရက် နေ့အထိ ဆက်လက်စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရသည်။
ခရိုင် (ပြန်ဆက်)