ရိခေါ်ဒါရ် မတ် ၂၁
(Covid-19) ကူးစက်ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ဖွင့်လှစ်ထားသည့် နယ်စပ်ဝင်ထွက်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ နိုင်ငံခြားသားများ ဝင်ထွက်ခွင့်အား ယာယီပိတ်ပင်ထားရှိရာ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ရှိ ရိခေါ်ဒါရ် နယ်စပ်ဝင်ထွက်ပေါက်မှ မြန်မာနိုင်ငံဘက်သို့ နိုင်ငံခြားသားများ ဝင်ရောက်ခွင့်အား မတ် ၁၉ ရက်မှ စ၍ ယာယီပိတ်ပင်ထားကြောင်း သိရသည်။
မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှ မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လာမည့် နိုင်ငံခြားသားများအား နိုင်ငံကူးလက်မှတ်၊ ပြည်ဝင်ဗီဇာ၊ ဗီဇာကင်းလွတ်ခွင့်၊ eVisa များဖြင့် ဝင်ရောက်ခွင့်အား ယာယီ ပိတ်ပင်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ ရရှိထားသည့် နိုင်ငံခြားသားများအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်တို့မှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဝင်ရောက် ထွက်ခွာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
သို့ပါသော်လည်း နယ်စပ်ဝင်ထွက်ပေါက်များရှိ နှစ်ဖက်ဒေသခံပြည်သူများအား နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass-BP)၊ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Temporary Border Pass-TBP)ဖြင့် ဝင်ထွက်ခွင့်ကို ပိတ်ပင်ခြင်းမရှိဘဲ ကိုယ်အပူချိန်တိုင်းတာမှုများ စနစ်တကျ ခံယူပြီး၊ ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ပြီးမှသာ ဝင်ထွက်သွားလာခွင့်ပြု ပေးသွား မည်ဖြစ် ကြောင်း သိရသည်။
ပက်ကာ (ပြန်/ဆက်)