မိုးနဲမြို့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မိုးနဲ မတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို လင်းခေးခရိုင် ခရိုင်အဆင့် တည်ဆောက်ရေး လုပ်ငန်း များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေနှင့် ကော်မတီဝင်များသည် မိုးနဲမြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ် နှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ကွင်းဆင်း ကြည့်ရှု စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းကြည့်ရှုရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ဆောင်ရွက်ဆဲလုပ်ငန်း များ ဖြစ်သော  ဝမ်ဟေကျေးရွာကုန်ထုတ်လမ်းလုပ်ငန်း၊ လွိုင်စယ်အင်း ပြန်လည်တူးဖော်ခြင်း နှင့် အင်းပတ် တာဘောင်ဖို့ခြင်းလုပ်ငန်း၊ မြို့နယ်ပြည်သူ့အားကစားကွင်းပွဲကြည့်စင် အလျား ပေ ၁၀၀ ၊အနံပေ ၃၀ အာစီစီ နှစ်ထပ်လုပ်ငန်း ဆောင်ရွက်နေမှု၊ ပြည်ထောင်စုလမ်းမှ လွိုင်ချို ကျေးရွာသွားလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ၊မိုးနဲ-ကုန်းလုံ-လွိုင်ယူးကာ ကျေးရွာလမ်းကျေက်ချောလမ်းခင်းခြင်းလုပ်ငန်း ၊ အ.ထ.က (မိုးနဲ)နှစ်ထပ်ကျောင်းဆောင်  ဆောက် လုပ်နေမှု၊ ဆေးရုံ ဝန်ထမ်း အိမ်ရာ လေးခန်းတွဲနှစ်ထပ် နှင့်ဆေးရုံတိုးချဲ့လူနာဆောင်အသစ် အလျား ၁၄၃ပေ ၊အနံ ၅၃ ပေ  နှစ်ထပ်အာစီအမျိုးအစား လုပ်ငန်းဆောင်ရွက်နေမှု ၊မိုးနဲ-ကင်တုံ-ဆိုက်ဖယ်-လုံစံ စေတီလမ်း မြေသားလမ်းကျောက်ခင်းခြင်း ၊ဟိုဖိုင်ကျေးရွာအဝင် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နေမှုများအား မြို့နယ်တည်ဆောက်ရေး လုပ်ငန်းများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ လုပ်ငန်းတာဝန်ခံများက အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ခရိုင်အဆင့်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေက  လုပ်ငန်း အလိုက် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ၊အချိန်မီပြီးစီးရေး ၊တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေးပြည့်မီရေးအတွက် သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ဆောင်ရွက် သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)