မိုးနဲ မတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်သူများ ပါဝင်လာစေရန်အတွက် မြို့နယ်အတွင်း ရုံးဌာနများတွင် လက်ဆေးကန်များ ထားရှိခြင်း၊ စနစ်တကျလက်ဆေးနည်း အသိပညာပေး ပိုစတာများ ကပ်ထားခြင်း၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အသိ ပညာပေးလုပ်ငန်းများကို နေ့စဉ်မပြတ် ရပ်ကွက်/ကျေးရွာအုပ်စု လမ်းများပေါ်တွင် အသံ ချဲ့စက်ဖြင့် အသိပေး ဆောင်ရွက်ခြင်း၊ မြို့နယ် စည်ပင်သာယာ စျေးဆိုင်ခန်းများတွင် ပိုးသတ်ဆေးများ ပက်ဖျန်းခြင်း၊ လူစည်ကားသည့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားခြင်း မပြုလုပ်ပဲ နေအိမ်သို့ ဝယ်ယူသယ်ဆောင်စေခြင်းစသည့် အသိပညာပေးရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အလားတူ ရောဂါကူးစက်ပြန့်ပွားခြင်း မဖြစ်ပေါ်စေရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သံသယလူနာများ မရှိသေးသော်လည်း ရပ်ကွက်/ကျေးရွာအုပ်စုများသို့ နေ့စဉ်ဝင်ရောက် လာသည့် လူဝင်လူထွက်များ၊ နေရပ်ပြန်များအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပြီး Home quarantine ဖြင့် နေထိုင်စေခြင်း ၊ Home quarantine ဖြင့် နေထိုင်ရန် အဆင်မပြေ သူများ၊ စည်းကမ်းလိုက်နာခြင်းမရှိသူများ ရှိလာပါက Facility quarantine အဖြစ် ကျန်းမာ ရေး ကြီးကြပ်စောင့်ကြည့်နိုင်ရန်အတွက် မိုးနဲမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း ၊ အုဌ်ကျောင်းတိုက်ဓမ္မာရုံ ၊ ချမ်းသာကြီးကျောင်းတိုက် ဓမ္မာရုံ ၊ ဥယျာဉ်ကျောင်းတိုက် ဓမ္မာရုံနှင့်ဇရပ် ၊ အခြေခံပညာအလယ်တန်းကျောင်း (မြို့မ)တို့တွင် နေရာများ သတ်မှတ်ကာ Covid-19 ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေး လုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)