တောင်သာ ဩဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးစိုးနိုင် ဦးဆောင်သောဝန်ထမ်းများအဖွဲ့သည် မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ် ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသော ဒေသခံပြည်သူများအား ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် ယမနနေ့နံနက်ပိုင်းတွင် တောင်သာမြို့နယ်၊ ကန်မြဲကျေးရွာအုပ်စုသို့သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးသည်။
ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် တောင်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးမှူး ဦးစိုနိုင်က နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် ပါရှိရမည့်အထောက်အထားများကို ကျေးရွာနေပြည်သူများအား အသိပညာပေးပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးမှူးနှင့်ဝန်ထမ်းများက နိုဝင်ဘာ (၈) ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ကန်မြဲ ကျေးရွာအုပ်စုရှိ အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူ အမျိုးသား (၃၅) ဦး၊ အမျိုးသမီး (၅၅) ဦး၊ စုစုပေါင်း (၉၀) ဦးအား အထောက်အထားများစိစစ်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)