မိုင်းပန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းပန်       ဩဂုတ်   ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန် က ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ က မဲဆန္ဒရှင်ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် ဖွဲ့စည်းတာဝန် ပေးအပ်ထားသော မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ နေ့အလိုက် တာဝန်ခွဲဝေ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု လူဦးရေစာရင်းကောက်ယူရေး အဖွဲ့မှ ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် တစ်အိမ်တက်ဆင်း စာရင်းတိုက်ဆိုင် စစ်ဆေး ကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များမှ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မိုင်းပန်မြို့နယ် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၄၇၄၆)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံမှ သတင်းရရှိသည်။

အိရွှေစင်လတ် (မြို့နယ်၊ ပြန်/ဆက်)