မိုင်းပန်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန် တစ်အိမ်တက်ဆင်း မြို့နယ်လုံးကျွတ်မဲဆန္ဒရှင် စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်

မိုင်းပန်     ဩဂုတ်   ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်မှု ရှိစေရန် မြို့နယ်လုံးကျွတ်မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုကို ယနေ့ နံနက် (၆) နာရီမှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ မြို့နယ်လုံးကျွတ်မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဝန်ထမ်းများမှ ဦးဆောင်၍ မြို့နယ်ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများဖွဲ့စည်း၍ တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်များ တိုက်ဆိုင်စစ်ဆေးပြီး ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၁၇)ရက်နေ့မှ (၂၃)ရက်နေ့အထိ ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း သိရှိရသည်။

မိုင်းပန်မြို့နယ် ပထမအကြိမ် (၂၅.၇.၂၀၂၀)ရက်နေ့မှ (၁၄.၈.၂၀၂၀)ရက်နေ့အထိ မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာထားရှိမှုအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပေါင်း(၁၂၇၆၁)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးထံမှ သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)