သီပေါမြို့၌ (၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

သီပေါ   သြဂုတ်  ၁၇       

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်ငါးနှစ်အောက် ကလေးများအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်းကို  သြဂုတ်လ ပထမပတ်ကစတင်၍ ရပ်ကွက်၊ကျေးရွာများတွင် နေ့ရက်အလိုက် တိုက်ကျွေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန် က ပန်းတိမ်တောင်ရပ်ကွက်  အုပ်ချုပ်ရေးမှူးရုံးတွင် တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ကျွေးပေးရာတွင် သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိ သူနာပြုဆရာမများက အသက်ငါးနှစ်အောက် ကလေးငယ်များအား အာဟာရချို့တဲ့မှု ရှိ/ မရှိ စစ်ဆေးပေးခြင်းများ ပြုလုပ် ဆောင်ရွက်ပေးခဲ့ရာ အာဟာရချို့တဲ့သည့် ကလေးငယ်များတွေ့ရှိခြင်း မရှိကြောင်း၊  ကလေးသူငယ်များအား အစာအာဟာရပြည့်ဝသည့် အစားအစာများ ဗီတာမင်များ ပုံမှန်တိုက်ကျွေးပေးရန်နှင့် ဂရုတစိုက် ပြုစုစောင့်ရှောက်ရန်လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီးနောက် အသက်ငါးနှစ်အောက် ကလေးငယ် များ အား မျက်စိအားဆေးဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာများတွင်လည်း ဆက်လက်တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)