မိုင်းပျဉ်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်

မိုင်းပျဉ်း    ဩဂုတ်  ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးလက်နေတိုင်းရင်းသား ပြည်သူမဲဆန္ဒရှင်များ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာ၌ အသက်(၁၈) နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်အခွင့်အရေးများ မဆုံးရှုံးစေရန်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးမှ သစ္စာစီမံချက်ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီ က မိုင်းမန်ကျေးရွာ အုပ်စု၊ အေးစံကျေးရွာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဒုတိယ လူဝင်မှုကြီးကြပ်‌ရေးမှူး ဦးရဲနောင်ဦး  ဦးဆောင်သောဝန်ထမ်းများနှင့် တာဝန်ရှိသူများက မိုင်းပျဉ်းမြို့နယ်၊ မိုင်းမန်းကျေးရွာအုပ်စု၊ အေးစံကျေးရွာမှ အသက်၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများ၊ ပျောက်ဆုံးပျက်စီးသူများအား စာရင်းကောက်ယူကာ သတ်မှတ်ချက်များနှင့် ပြည့်စုံပါက ဆောင်ရွက်ပေးနိုင်ရန် အတွက် စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံးသူ (၁)ဦးနှင့် အသက်(၁၈)နှစ် ပြည့်ပြီး အသစ်ပြုလုပ်သူ (၃၉) ဦး၊ စုစု‌ပေါင်း (၄၀)ဦးတို့ကို လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် Social Distancing ဖြင့် စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မေမွန်ထွဋ် (ပြန်ဆက်)