ကျိုက်လတ် ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ၌ ကြေညာခဲ့သော မဲဆန္ဒရှင်စာရင်းများအတွက် ပြင်ဆင်ဖြည့်စွက်ပြီးသော မဲစာရင်းများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ယမန်နေ့ နံနက်ပိုင်းက လာရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြင်ဆင်ဖြည့်စွက်ပြီးသော မဲစာရင်းများတွင် ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများက မိမိတို့ဒေသအသီးသီးတွင် ကြေညာခဲ့သောမဲစာရင်းများနှင့်ပတ်သက်၍ မဲဆန္ဒရှင်များက လျှောက်ထားလာသော မဲစာရင်းတွင် အမည်ထည့်သွင်း ပေးရန်တောင်းဆိုလွှာ ပုံစံ(၃)၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေသဖြင့် ပယ်ဖျက်ပေးရန် ကန့်ကွက်လွှာ ပုံစံ(၄) ၊ မဲစာရင်းပါ မှားယွင်းနေသော အချက်အလက်များ ပြင်ဆင်ပေးရန် တင်ပြသော ပြင်ဆင်လွှာ ပုံစံ(၄-ဂ) များနှင့်အတူ ပြင်ဆင်ဖြည့်စွက်ပြီးသော မဲစာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်ပေးအပ်ခဲ့ကြသဖြင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် တာဝန်ပေးအပ်ထားသည့်သူများက ပြင်ဆင်ဖြည့်စွက်ပြီးသော မဲစာရင်းများအား စစ်ဆေးလက်ခံ ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)