မိုင်းဖြတ် ၊ မတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း မီးခိုးမြူများ ဖုံးလွှမ်းနေခြင်း ကြောင့် မီးသတ်တပ်ဖွဲ့မှ ယမန်နေ့ နံနက် ၁၀ နာရီခွဲကစ၍ မြို့တွင်း ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် မီးသတ်ယာဉ်ဖြင့် ရေမှုန်ရေမွှားများ ပက်ဖျန်းလျက်ရှိကြောင်း သိရသည်။
ရေမှုန်ရေမွှား ပက်ဖျန်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးခိုင်စိုးဝင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မီးခိုးမြူငွေ့များ လျော့နည်း ပပျောက်စေရေးအတွက် ရေဂါလံ(၁၂၀၀)ဆံ့ မီးသတ်ကား ၃ စီး စုစုပေါင်း ရေဂါလံ (၃၆၀၀) ကို ရေမှုန်ရေမွှားများကို ပက်ဖျန်း ခဲ့သည်။
ယခင်နှစ်က အဆိုပါ မီးခိုးမြူငွေ့များ ကျရောက်သည့်အတွက် ပြည်သူများ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ရရှိခံစားသည့်အပြင် တောမီး တောင်ယာမီးများ ရှို့ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီးသည့်အတွက် ထိုကဲ့သို့ မဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများဖြင့် ကော်မတီဖွဲ့စည်း၍ မြို့ပေါ်နှင့် ကျေးရွာများတွင် တောမီးများ၊ တောင်ယာမီးများမရှို့စေရေး အသိပညာပေးဟောပြောပွဲများကိုလည်း စဉ်ဆက်မပြတ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)