ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း

ကျောက်ဆည် ဩဂုတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများသည် လျှပ်စစ်ဓာတ်အား သုံးစွဲသော ပြည်သူ များ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်း စေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျီနီယာ ဦးအောင်မိုးနှင့် လိုင်းတာဝန်ခံဝန်ထမ်းများသည် ယနေ့ နံနက်(၁၀)နာရီက ဘောဂဝတီအုပ်စုအတွင်းရှိ ပြည်သူများ ဓာတ်အားသုံးစွဲရန် ပို့လွတ်လျှက်ရှိသည့် ၁၁/၀ဒသမ၄ ကေဗွီ၊ ၂၀၀ ကေဗွီအေနှင့် ၁၃၅ ကေဗွီအေ ထရန်စဖော်မာအိုးများမှ ဓာတ်အားဖြန့်ဖြူးလျှက်ရှိသည့်(၄၀၀)ဗို့အား လိုင်းကြိုးများတစ်လျောက် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်တိုင်များ တည့်မတ်ပေးခြင်း၊ ဓာတ်ကြိုးများ ပြန်လည်ပြုပြင်ခြင်း၊ service ဝါယာကြိုးများအား Loose connection မဖြစ်စေရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာ(၈၇)အုပ်စုရှိပြီး မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများမှ တာဝန်ယူပြီး ကြက်မင်းတွန်ရပ်ကွက်ရှိ ၃၃/၁၁ ကေဗွီ (၁၀အမ်ဗွီအေ×၂) ဓာတ်အားခွဲရုံနှင့် ငှက္ကတောင်ကျေးရွာရှိ ၃၃/၁၁ ကေဗွီ(၁၀အမ်ဗွီအေ)ဓာတ်အားခွဲရုံတို့မှ ဓာတ်အားများကို ပြည်သူများပြည့်ဝစွာ သုံးစွဲနိုင်ရေး ဖြန့်ဖြူးပေးလျက် ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)